Acher

Monthly Archives: April 2022

MMQR ကို အသုံးပြုပေးချေနိုင်မည့် လက်လီငွေပေးချေမှုကွန်ရက်ကို မကြာမီ အကောင်အထည်ဖော်မည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော

မကြာမီအချိန်တွင် MMQR စနစ်သုံး မိုဘိုင်းလ်ငွေပေးချေမှုကို အသုံးပြုပြီး ဘဏ်များ၊ မိုဘိုင်းလ်ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်မယ့် အချိန်နှင့်တပြေးညီ လက်လီငွေပေးချေမှုကွန်ရက် (Real Time Retail Payment Network) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနဲ့ လက်လှမ်းမမှီတဲ့ နေရာ၊ ကဏ္ဍတွေအထိ ရယူအသုံးပြုနိုင်ဖို့နဲ့ ဘဏ်တွေနဲ့ ပူးပေါင်းပြီး ခရိုင်၊ မြို့နယ်တွေအထိ ဘဏ်များရဲ့ ကွန်ရက်ကို ဖြန့်ကျက်ဆောင်ရွက်နိုင်ဖို့ ဘဏ်မဟုတ်တဲ့ ကုမ္ပဏီ ၄ ခုကို ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း (Merchant Acquiring) ဆောင်ရွက်ခွင့် ပြုထားပါတယ်။

လက်ရှိမှာ Payment Instrument တွေ၊ Payment Channel တွေ ပိုမိုများပြားလာစေဖို့ ဖော်ဆောင်လျက်ရှိပြီး အဖွဲ့အစည်းအချို့ကို Transportation Card ၊ Shopping Card စတဲ့ ကတ်ပေးချေမှုလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခွင့်ပြုခဲ့တယ်လို့ ဒေါ်သန်းသန်းဆွေက ဆိုထားပါတယ်။

ဗဟိုဘဏ်ရဲ့ Merchant Acquiring ဆောင်ရွက်ခွင့်ရှိတဲ့ လုပ်ငန်းတွေထဲ Trusty ၊ OK Dollar ၊ Zego နဲ့ Unipay တို့ ပါဝင်ပြီး Merchant Acquiring တွေအနေနဲ့ ငွေပေးချေမှုကို ဗဟိုဘဏ်က ချမှတ်ထားတဲ့ MMQR စံသတ်မှတ်ချက်နဲ့အညီ QR နဲ့ ပေးချေနိုင်ဖို့ ဆောင်ရွက်ထားကြရန်၊ ပြည်သူတွေ လွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် မိတ်ဆက်အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့ပါတယ်။